Ticker

6/recent/ticker-posts

Solomon ကျွန်းနိုင်ငံကို တရုတ်နဲ့အပြိုင် စည်းရုံးလာတဲ့ အမေရိကန်

 

 

တောင်ပစိဖိတ် ကျွန်းနိုင်ငံ Solomon ဆော်လမွန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက သံတမန် ဆက်ဆံရေးတွေ တိုးမြှင့်လိုက်ပြီး၊ အကူအညီ အထောက်အပံ့အဖြစ် ကိုဗစ်ကာကွယ်ဆေးတွေလည်း ကူညီပေးနေပါတယ်။

ဆော်လမွန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ရှိလာနေတဲ့အပေါ် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ အမေရိကန်ပြည်ထောင်စုက ခုလို ဆက်ဆံရေး တိုးမြှင့်လိုက်တာပါ။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeremiah Manele နဲ့ ဆက်သွယ်ပြီး ဆော်လမွန်နိုင်ငံမြို့တော် Honiara မှာ အမေရိကန်သံရုံး ပြန်လည်ဖွင့်လှစ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုနက်နက်ရှိုင်းရှိုင်း ချဲ့ထွင်လိုက်တာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သောင်းကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အလုံးရေ တသိန်းကျော် အမေရိကန်က ပေးအပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ Honiara မှာ ၁၉၉၃ ခုနှစ်ကတည်းက သံရုံးကို ပိတ်ထားခဲ့ပြီး၊ လက်ရှိမှာ ကောင်စစ်ဝန်ရုံး အဆင့်သာ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ပစိဖိတ်ဒေသကို သွားရောက်ခဲ့တုန်းကတော့ ဆော်လမွန်နိုင်ငံ မြို့တော်မှာ အမေရိကန် သံရုံး ပြန်လည်ဖွင့်လှစ်မယ်လို့ ပထမဆုံးကြေညာခဲ့ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherman ရဲ့ သံတမန်ရေးအရ ကြိုးပမ်းချက်ဟာ တရုတ်နဲ့ ဆော်လမွန် နိုင်ငံအကြား တရုတ်လက်နက်ကိုင် တပ်တွေဖွဲ့တွေကို ဆော်လမွန်ကျွန်းပေါ်မှာ ချထားခွင့် ရနိုင်မယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဖြစ်ပေါ်လာခဲ့တာပါ။

Post a Comment

0 Comments