Ticker

6/recent/ticker-posts

အဲလိုလူစား မဖြစ်ပါစေနဲ.

 May be an image of 2 people and text that says ""သူစိမ်းအပေါ်ကျတော့ ကောင်းတယ် ကိုယ့်မိသားစု အပေါ်မှာတော့ ရန်သူတွေလိုသဘောထားတယ်" အဲဒီလိုလူစားမျိုး မဖြစ်ပါစေနဲ့ MYANMAR INSTITUTE tna Kheng"-

တစ်နေ့မှာပေါ့ အရမ်းဒေါသကြီးတတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ စျေးကအပြန် သူမတစ်ခါမှ မမြင်ဖူးတဲ့သူစိမ်းတစ်ယောက်နဲ့ မတော်တဆ ဝင်တိုက်မိပါတယ်။

 
အမျိုးသမီးလည်းပြာပြာသလဲနဲ့ အို ကျွန်မကို ခွင့်လွှတ်ပါလို့ ပြောလိုက်တယ်။ အတိုက်ခံရတဲ့ သူစိမ်းကလည်း ကျွန်တော်က တခြားကိစ္စတစ်ခုမှာ အာရုံရောက်နေလို့ အမ လာတာကို မမြင်မိလိုက်ဘူး။
 
အဲဒါကြောင့်အခုလို ဖြစ်သွားရတာပါ။ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပါဗျာလို့ ပြန်ပြောသတဲ့။
အဲဒီသူစိမ်းနဲ့ အမျိုးသမီးဟာ အရမ်းကို ယဉ်ကျေးစွာနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် တောင်းပန်ကြပြီး လမ်းခွဲလိုက်ကြတယ်။
 
အဲဒီနေ့ ညနေမှာ အမျိုးသမီးဟာ ညနေစာအတွက် ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်နေစဉ်မှာ သူမရဲ့ သားလေးက သူမဘေးမှာ ငြိမ်ငြိမ်လေး လာရပ်နေတယ်။
 
သူမ အနောက်ကိုလှည့်လိုက်တဲ့အခါ နောက်မှာရောက်နေတဲ့ သားလေးနဲ့ တိုက်မိပြီးလက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တွေ ကျကွဲသွားတယ်။ အဲဒီအချိန်မှာ အမျိုးသမီးဟာသူ့ရဲ့ဒေါသကို မထိန်းနိုင်ဘဲ သားလေးကို မျက်မှောင်ကြုတ်ပြီးဒီကနေ ထွက်သွားစမ်းလို့ အော်ငေါက်ကြိမ်းမောင်းလိုက်တယ်။
 
မထင်မှတ်ဘဲအမေဖြစ်သူရဲ့အော်ငေါက်ကြိမ်းမောင်းခြင်းကို ခံလိုက်ရတဲ့ သားလေးဟာစိတ်မကောင်းစွာနဲ့ မီးဖိုခန်းထဲကနေ ထွက်သွားခဲ့တယ်။သားလေးထွက်သွားတော့ သူမဟာ သားကို ပြင်းပြင်ထန်ထန် ပြောဆိုမိသွားတယ်ဆိုတာကို သတိမထားမိဘူး။ သူမရဲ့ သားလေးဟာ ညနေစာမစားဘဲအစောကြီး အိပ်ယာဝင်ပြီးအိပ်သွားခဲ့တယ်။
 
ထမင်းစားချိန်ရောက်မှ သားလေး ညနေစာမစားဘဲအစောကြီး အိပ်ရာ ဝင်သွားတာကို သူမ သတိထားမိ တယ်လေ။ အဲဒီအခါကျမှ သူမအနေနဲ့ သားလေးကို အော်ငေါက်ကြိမ်းမောင်းလိုက်မိလို့ သားလေး စိတ်မကောင်းဖြစ်သွားတာကိုသိလိုက်ရတယ်။ သူမလည်း စိတ်မကောင်းစွာနဲ့ဘဲစောစောအိပ်ရာဝင်ခဲ့တယ်။ဒါပေမဲ့ သူမ ဘယ်လိုမှ အိပ်မပျော်နိုင်ဘဲဖြစ်နေတယ်။
 
အဲဒီအချိန်မှာပဲ သူမစိတ်ထဲ စျေးကအပြန် သူစိမ်းတစ်ယောက်နဲ့ ဝင်တိုက်မိပြီး အပြန်အလှန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတောင်းပန်ခဲ့တာကို သတိရမိပြီး အတွေးတစ်ခု ဝင်လာတယ်။
ငါဟာ သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ပြီးတော့ကိုယ်ချစ်တဲ့ ကိုယ့်သွေးသားနဲ့ ဆက်ဆံတာကျတော့ ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိနေတာလဲလို့ တွေးမိတယ်။
သူမဟာ စိတ်မကောင်းစွာနဲ့အတွေးနယ်ချဲ့ရင်း အိပ်ပျော်သွားတယ်။
အဲဒီအချိန်မှာ အိပ်မက် မက်နေသလိုလို တစ်စုံတစ်ယောက်က သူမကို လာပြောနေသလို သူမ နားထဲမှာ အသံတစ်ခုကို ကြားလိုက်ရတယ်။
 
မီးဖိုခန်း တံခါးနားကို သွားကြည့်လိုက်ပါ။တံခါးနားမှာပန်းတွေကျနေတာကို တွေ့ရလိမ့်မယ်။ အဲဒီပန်းလေးတွေဟာ သမီးကို ပေးဖို့အတွက် သမီးရဲ့ သားလေးကိုယ်တိုင် ခူးလာတာပါ။
ပန်းလေးတွေက သမီးကြိုက်တဲ့ အပြာရောင် ပန်းလေးတွေပါ။သမီးကို အံ့သြသွားစေချင်လို့ သူ တိတ်တိတ်လေးသမီးနောက်မှာ ရပ်နေရှာတာပါ။သူ့ ရင်ထဲက ခံစားချက်တွေကို သမီး တစ်ခါမှ မမြင်ဘူးမို့လားလို့ ပြောပြီး အသံဟာ ပျောက်ကွယ်သွားကာ သူမလည်း အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်။
အဲဒီအချိန်မှာ သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတယ်။
 
ပြီးတော့ သူမ သားလေးအိပ်ယာနားဆီကို တိတ်တိတ်လေး သွားပြီး အိပ်ယာဘေးမှာ သွားဒူးထောက်လိုက်တယ်။ ထပါဦး သားလေးရယ်။ ဒီပန်းလေးတွေက မေမေ့အတွက် သားလေး ခူးလာပေးတာလားလို့ သူမ သားလေးကို မေးလိုက်တယ်။
သားလေးက ဒီပန်းတွေကို ဟိုး အပင်နားမှာ တွေ့တာ မေမေ။
ပန်းလေးတွေက မေမေ့လိုပဲ အရမ်းလှလို့ သား ခူးလာတာပါ မေမေ။
 
မေမေက အပြာရောင်ပန်းလေးတွေကို ကြိုက်မယ်ဆိုတာကို သားသိလို့လေလို့ ပြောတယ်။
သားလေးဆီက စကားကို ကြားလိုက်ရတော့ သားလေးရယ် မေမေ ဒီနေ့ သားကို ပြုမူလိုက်တဲ့ အမူအရာအတွက် မေမေ တောင်းပန်ပါတယ်ကွယ်။ သားကို မေမေ အဲဒီလို မအော်သင့်ပါဘူးလို့ ပြောတော့
သားလေးက ရပါတယ် မေမေရယ်။ မေမေ့ကို သားချစ်တယ် တဲ့။
 
သားရယ် မေမေကလည်း သားကို ချစ်ပါတယ်။ နောက်ပြီး သားလေး ခူးပေးတဲ့ ဒီအပြာရောင် ပန်းလေးကိုလည်း မေမေ အရမ်းကြိုက်ပါတယ်ကွယ်လို့ သားကို ပြန်ပြောလိုက်တယ်။
ဒီစာစုလေးမှာ သင်ခန်းစာ ပေးချင်တာကတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေအပေါ်မှာ ဆိုရင် ယဉ်ကျေးချိုသာစွာ ဆက်ဆံတတ်ပေမဲ့ ကျွန်ုပ်တို့ ချစ်ခင်တဲ့ လူတွေအပေါ်မှာတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတတ်ပါတယ်။
 
ဒါကြောင့် ကျွန်ုပ်တို့ ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယဉ်ကျေးချိုသာစွာ ပြောဆို ဆက်ဆံခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မေတ္တာအိမ်ကလေးကို တည်ဆောက်ကြပါစို့ ။ ။
Credit : ပုံစာ - အရှင်ဇ၀န လယ်ဝေး

Post a Comment

0 Comments